Sunday, August 16, 2009

တမ်းတနေဆဲ နေရာဟောင်း (၂)

ကိုယ့်ဆုံးဖြတ်ချက်နဲ့ စွန့်ခွါခဲ့တဲ့ နေရာဟောင်းကို ပြန်တမ်းတနေတယ်ဆိုတာ တွေဝေတတ်တဲ့ကျွန်မရဲ့ အကျင့်တွေထဲက တခုပါပဲ။

အဲဒီနေရာမှာတုံးက ကိုယ်ယုံကြည်မှုမရှိတဲ့ အဖွဲ့အစည်းတခုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ရတယ်။ မကြည်ညိုနိုင်တဲ့လူတွေ နဲ့ ပြောဆိုဆက်ဆံခဲ့ရတယ်။ ကိုယ်မုန်းတီးတဲ့ အခေါ်အဝေါ်တွေကို ကိုယ့်နှုတ်ကနေထွက်ခဲ့ရတယ်။

တခါတလေကျတော့လဲ လေးစားအားကျဖွယ်ကောင်းတဲ့ လူကြီးလူကောင်းများရဲ့ အိမ်တွေ၊ ပရောဂျက်တေ၊ွ အများနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေအတွက် လုပ်ပေးခဲ့ရတာကျတော့ လဲ ဂုဏ်ယူမိပြန်ရော။

အဲဒီနေရာမှာပဲ ကိုယ်ချစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်တက်ကြွစွာအလုပ်လုပ်ခဲ့တယ်။ လေးစားယုံကြည်ရတဲ့ ဆရာသမားရဲ့ သင်ကြားမှုအောက်မှာ အလုပ်လုပ်ရင်းအတွေ့အကြုံ၊ ဗဟုသုတများစွာ လေ့လာ ခွင့်ရခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်။

ဒါပေမယ့် အခုအချိန်မှာ ဘယ်လောက်ပဲပြန်တမ်းတမိတယ်ဆိုဆို ဒီလိုမျိုးမစွန့်ခွါခဲ့ပဲအခုအချိန် အဲဒီနေရာမှာ ရှိနေရင်ကော ပျော်ရွှင်ကျေနပ်နိုင်မှာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့လဲ ကိုယ်မပတ်သက်ချင်တဲ့ အဖွဲ့အစည်းနဲ့အလုပ်မလုပ်ဘူးလို့ ရှောင်လို့ရနိုင်မှာမဟုတ်တဲ့ အခြေအနေမျိုးနဲ့ကြုံလာတိုင်းမှာ စိတ်ညစ်ညူးဒေါသထွက်နေမှာ အသေအချာပါပဲ။

၂၀၀၇ ခုနှစ်ကတချို့ကာလတွေကလို စိတ်ရှိတိုင်းကိုယ်မပါနိုင်ခဲ့တဲ့အတွက် ကိုယ့်ဟာကို မကျေနပ်၊ မကြည်ညိုနိုင်တဲ့ အဖြစ်မျိုး နောင်တချိန်မှာ ထပ်မကြုံတွေ့ချင်တော့တဲ့အတွက် နေရာဟောင်းကို စွန့်ခွါဖို့ ဆုံးဖြတ်ချက်က ပိုခိုင်မာခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ဒီနေရာသစ်လေးမှာ တခါတလေ အထီးကျန်ဆန်ပေမယ့် ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေရှာဖို့အခွင့်အရေးရှိတယ်။ သိချင်တာတွေ လေ့လာဖို့ အရင်းအမြစ်ကောင်းကောင်းရှိတယ်။ ကိုယ့်ရဲ့ ချွေးနည်းစာနဲ့ ကျေးဇူးရှင်မွေးမိခင်ကို အသင့်အတင့် ပြည်စုံအောင်ထားနိုင်တယ်။ တော်ပြီပေါ့နော်။ ဘ၀မှာ ဒီလောက်အဆင်ပြေရင်ဘဲ ကျေနပ်သင့်ပါဘီ လို့ နောက်ဆုံးတော့ လဲ ကိုယ့်ဟာကို တရားချမိပါတယ်။

Friday, August 14, 2009

တမ်းတနေဆဲ နေရာဟောင်း (၁)

ဒီနေ့ ဂျီတော့ခ်မှာ ရန်ကုန်ရုံးက ညီမလေးက တယောက် ကျွန်မကိုင်ခဲ့ဖူးတဲ့ ပရောဂျက်တခုအကြောင်း လှမ်းမေးတာဖြေလိုက်ရသေးတယ်။ အလုပ်ကထွက်ခဲ့တာ တနှစ်ရှိပြီဆိုတော့ ကိုယ့်ဟာကို သိပ်မသေချာပေမယ့် ဖိုင်နာမည်ပြောလိုက်တာ ပြောတဲ့အတိုင်းသွားရှာ တော့ အဲဒီနေရာမှာပဲ တွေ့တယ်တဲ့။ အဲဒါကြောင့် အမကို ဆရာသမားက အခု အားကိုးတုံးပဲဆိုပြီး ကျေးဇူးရှင်လေးက နောက်လဲမေးလို့ကောင်းအောင် ပြောသွားသေးတယ်။

တကယ်တော့ ကျွန်မက မေ့ပစ်လိုက်ချင်ပါပြီ။ ဒါပေမယ့် ခြောက်နှစ်လုံးလုံး စိတ်ရော ကိုယ်ပါ နှစ်ပြီးလုပ်ခဲ့တဲ့အလုပ်မို့လို့လားတော့ မသိဘူး ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်နာမည်ပြောလိုက်တာနဲ့ သူနဲ့ ပတ်သက်သမျှ ခေါင်းထဲ တန်းစီပေါ်လာနေတုံး။ လွန်ခဲ့တဲ့ သုံးနှစ်လောက် က စင်္ကာပူ၊ စင်္ကာပူ နဲ့ သူငယ်ချင်းတွေ ထွက်လို့ကောင်းတုံး၊ ထွက်သွားတဲ့လူတိုင်းလဲ အနည်းဆုံး အက်စ်ပတ်နဲ့ အလုပ်ရဖို့အခုလောက်မခက်ခဲတဲ့ အခြေအနေမျိုးမှာ ကိုယ်က ဟိုက နေရာလေးမှာ ပျော်တုန်းပဲ။ ကိုယ့်ကို အတူထွက်ဖို့ ညှိကြတဲ့ သူငယ်ချင်းတွေ ဒီမှာ ပီအာရ်ကျတဲ့ အချိန်လောက်မှ ကိုယ်က ထွက်ချင်စိတ်အသည်းအသန်ပေါ်လာခဲ့တာ။

အလုပ်ထွက်ချင်တယ်လို့ ဆရာသမားကိုပြောတုန်းကတော့ စင်္ကာပူကို သွားမယ်လို့ အကြောင်းပြချက်မပေးပေမယ့် ကျွန်မဆရာသမားကလဲ ကျွန်မတို့ထက်တော်လို့ ဂျီအမ်တက်လုပ်နေတာဆိုတော့ စကား လေးငါးခြောက်ခွန်းပြောလိုက်တာနဲ့ စင်္ကာပူသွားပြီး အလုပ်ရှာချင်လို့ ဆိုတာပေါ်သွားပြီ။ သူကတော့ကောင်းကောင်းအားပေးပါတယ်။ နင်က အင်ဂျင်နီယာလဲမဟုတ်၊ အကောင့်တက်လဲ မဟုတ်နဲ့။ သူများတွေ အလုပ်ရှာလို့ရတယ်ဆိုတာ ပရော်ဖက်ရှင် တခုရှိလို့။ နင့်ကို အက်ဒမင်သမားအတွက် အလုပ် ရှာလို့လွယ်မယ်ထင်လို့လား။ ဒီမှာပဲ အေးအေးနေစမ်းပါတဲ့။

ဒီကလဲ ဘယ်ခံမလဲ။ ကတ်စတမာပေးတဲ့ ပုံတွေမှာ အစက်လေး တစက်ထည့်ရဖို့အရေးတောင် အော်တိုကက်ဆရာကြီး လိုက်လိုက်ရှာရတာ မောလွန်းလို့ ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးဆိုပြီး လက်ပူတိုက်တက်ထားတဲ့ အော်တိုကက်လေးအားကိုးပြီး ဘာအလုပ်မှ ရှာလို့မရရင်လဲ ဒရက်ဖ်မင်းဘဲ လုပ်မှာပေါ့ လို့ ခံတန်တန်ပြောခဲ့သေးတယ်။ တကယ့် အော်တိုကက်ဆရာကြီးတွေ ကြားရင်တော့ လက်သီးနဲ့ ထပဲထိုးချင်မလား၊ သနားစရာလေးပါလားလို့ပဲ စုတ်တသတ်သတ်ဖြစ်မလားပဲ။ ရထားတဲ့ဘွဲ့ကတော့ B.Sc (Physics) Hons. ကျောင်းမှာသင်ခဲ့ဖူးတဲ့ Electronic နဲ့ပတ်သက်ပြီး လာမမေးနဲ့။ ခေါင်းထဲမရှိတော့ဘူး။ Ciruit အကြောင်းလာမပြောနဲ့။ ၀ါးတားတား။ မိုက်ရူးရဲဆိုတာဒါမျိုးပဲနေမှာ။

ဆရာသမားလဲ ကျွန်မထွက်စာတင်ပြီး လေးလအတွင် တပတ်မှာ တရက်၊ တရက်မှာ နှစ်နာရီ သုံးနာရီလောက် ညနေပိုင်းရုံးဆင်းချိန်ဆို အချိန်ကုန်ခံပြီး မဲဆွယ်တရားဟောပါတယ်။ ကျွန်မကလဲ ဒီတခါတော့ ဘာနဲ့ပဲဆွယ်ဆွယ် ထွက်မယ်ဆိုထွက်မယ်ပဲ။ စကားသာ နှစ်နာရီသုံးနာရီပြောပြီးတယ်။ နားလည်မှုမရ။ သူကလဲ ကဲငါပြောချင်တာဒါပဲ သရဖီ။ သွားတော့။ နင်ဘာမှလျှောက်မစဉ်းစားပဲ အေးအေးဆေးဆေးအလုပ်ကိုသာလုပ်တော့ ဆိုပြီး အဆုံးသတ်တာ။ ကျွန်မကလဲဘာရမလဲ။ အဲဒါဆိုရင် သူပြောတဲ့အတိုင်းဆက်နေဖို့ လက်ခံလိုက်သလိုဖြစ်သွားမှာလေ။ အဲဒီတော့ သူဘယ်လိုနှင်နှင် သူ့ဆီကိုဧည့်သည်မလာ၊ အရေးကြီးဖုန်းမလာမချင်း ထိုင်ခုံကကိုမထတာ။ ရုံးကနေ အတူတူပြန်နေကျ အမကြီးကတော့ အပြင်ခန်းကနေ မျက်စောင်းတထိုးထိုးပေါ့။ ဖယ်ရီလိုက်ပို့ပေးမယ့် ဦးလေးကြီးကလဲ သူ့အနားမှာ ရစ်သီရစ်သီ။ အတင်းချကြတာ။ သူတို့ သားအဖနှစ်ယောက် အမျှင်မပြတ်တာနဲ့ ငါတို့ပါနောက်ကျရတယ်ပေါ့။

အလုပ်ထွက်မယ်လို့ ဆုံးဖြတ်ပြီး သုံးလေးလအတွင်း ကိုယ့်အလုပ်တွေဖြတ်ရ၊ ဖိုင်တွေရှင်းရ၊ လုပ်လက်စအလုပ်တွေကိုလဲ နောက်လွှဲမယ့်လူနဲ့ တွဲပြီးလုပ်ရနဲ့ လူက ခါတိုင်းပင်ပန်းပါတယ်ဆိုတာထက် နှစ်ဆပင်ပန်းရတယ်။ အဲဒီအချိန်မှာ ဆရာသမားကတော့ ကျွန်မ အလုပ်ထွက်မှာကို လက်မခံသေးပေမယ့် ကျွန်မ လုပ်လက်စအလုပ်တွေလွှဲပြီးလို့ ရှင်းသွားရင် သူက ထပ်ခိုင်းစရာ ပရောဂျက်အသစ်တွေရှိသေးတာဆိုတော့ အေးဆေးပဲ ထိုင်ကြည့်နေတာ။

အလုပ်ထွက်စာတင်တာ နို့တစ်က သုံးလကြိုတင်တာ။ သူများတွေကြားတော့ အံ့သြကြတယ်။ နင့်အလုပ်ကဘယ်လောက် ကြီးကျယ်လို့ သုံးလတောင် ကြိုတင်ရတာလဲတဲ့။ ကိုယ့်အလုပ်အကြောင်းကိုယ်ပဲသိတယ်လေ။ ဒါတောင် ပြောထားတာထက် တစ်လနောက်ကျပြီး မှ ထွက်ဖြစ်တယ်။ ထွက်မယ့်ရက်ကို သတ်မှတ်ပေးတာကလဲ ဒီက သူငယ်ချင်းတယောက်။ သူကလှမ်းပြီး ၀မ်နင်ပေးတယ်။ သူ့အခန်းထဲကယောက် ကဒီလကုန်ရင်ထွက်မယ်။ နင်ငါနဲ့ တခန်းထဲနေချင်ရင်တော့ ငါအိမ်ရှင်ကိုပြောထားမယ်။ နောက်လတော့ နင်လာခဲ့တော့တဲ့။ ရက်ကလဲ အင်္ဂါ ၊ သောကြာလာရင်ပဲ လာကြိုပေးနိုင်မယ်တဲ့။ အိုကေ..တခြား သူတွေကိုလဲ အပူမကပ်ချင်တာနဲ့ သူအဆင်ပြေတဲ့ အင်္ဂါနေ့ပဲ သွားမယ်ဆိုပြီး လေယာဉ်လက်မှတ်တင်။ ဆရာသမားကိုတော့ အိမ်လဲ ငှားပြီးပြီ၊ လေယာဉ်လက်မှတ်လဲ ၀ယ်ပြီးပြီဆိုပြီးပြလိုက်တော့တယ်။

နောက်ဆုံးသဘောတူသွားတာက ကျွန်မ စင်္ကာပူမှာစတေးရတဲ့ ၂လအတွင်းမှာ အလုပ်ရှာလို့ရရင်ရ၊ မရရင် ရန်ကုန်ပြန်လာပြီး ရုံးမှာပဲ ပြန်လုပ်မယ်။ လေယာဉ်လက်မှတ်ခတောင် ရုံးက ပြန်ပေးအုံးမယ်ဆိုတော့ ကျွန်မကတော့ ဘာကန့်ကွက်ဖို့ရှိမှာလဲ။ အဲဒီ့နှစ်လအတွင်းမှာသုံးလို့ကုန်မယ့် ပိုက်ဆံကလဲ မြန်မာပြည်မှာနေရင်လဲ ကုန်မှာပဲ။

မနှစ်တုံးကများ စင်္ကာပူထွက်တာ ဘယ်လောက်များလဲမများလဲ။ ကျွန်မနဲ့ အမြဲအဆက်အစပ်ရှိတဲ့ တခြားရုံးက လူတွေနဲ့ ကျွန်မဆီက အလုပ်လွှဲယူမယ့် လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ မိတ်ဆက်ပေးပြီဆိုရင် ကျွန်မအမေးခံရတာကတော့ မင်္ဂလာဆောင်မှာမို့လို့လား၊ စင်္ကာပူထွက်မှာ မို့လို့လားလို့ တန်းမေးတာ။ တချို့တအားရင်းနှီးတဲ့ လူတွေကဆို စိတ်တောင်ပူတယ်။ စင်္ကာပူမှာ အလုပ်ရှာရ နဲနဲ ခက်နေပြီဆိုပြီး လှမ်းတောင်သတိပေးကြသေးတယ်။ တခါတလေများ တအားရီရတယ်။ ကိုယ်က တခြားရုံးက တယောက်ကို ဖုန်းခေါ်၊ ကိုယ်ခေါ်တဲ့လူက နိုင်ငံခြားထွက်သွားပြီဆိုတာမျိုးလဲ ကြုံရသေးတယ်။

ရုံးမှာ နောက်ဆုံးအလုပ်လုပ်တဲ့ရက် ဆရာသမားကို ကျွန်မကိုင်ရတဲ့ သော့တွေ၊ ဟန်းဖုန်းတွေသွားအပ်တော့ စကားပြောရင်းနဲ့ မျက်ရည်တွေကျလာမိတယ်။ ခြောက်နှစ်တိုင်တိုင် ခိုင်မြဲခဲ့တဲ့ အလုပ်သံယောဇဉ်၊ ဆရာတပည့်သံယောဇဉ်တွေဟာ တကယ်တော့ မမြင်နိုင်တဲ့ အဖြူရောင်ကြိုးတွေပဲနော်။ အဲဒီကြိုးကို ကျွန်မကိုယ်တိုင်ဖြတ်ဖို့ ဆုံးဖြတ်ပြီးမှ အရမ်းဝမ်းနည်းမိတယ်။ ကွန်ပြူတာတလုံးကလွဲပြီး ဘာမှမရှိတော့ဘဲ ပြောင်ရှင်းနေတဲ့ ကျွန်မရဲ့ စားပွဲလေးမှာထိုင်၊ ကိုင်ခဲ့တဲ့ ဖိုင်တွေ၊ ကတ်တလောက်တွေငေးကြည့်။ မနက်ဖြန်ဆို ဒီနေရာနဲ့ ငါနဲ့ ဘာမှမဆိုင်တော့ဘူး၊ တဘက်ခါဆို ငါလဲ ဗမာပြည်မှာမဟုတ်တော့ဘူးလို့ တွေးမိပြီး ငိုင်နေမိတယ်။

သူတို့မိသားစုခေါ်သလို သူ့ရှေ့မှာတော့ ကိုငယ်လို့ ကျွန်မတို့ခေါ်တဲ့၊ နောက်ကွယ်မှာ အဖေလို့ကျွန်မတို့ ရည်ညွှန်းပြီး ပြောလေ့ရှိတဲ့ ဆရာသမား။ သူ့ရဲ့ ထိရောက်တဲ့ ထောက်ခံချက်နဲ့ပဲ အရင်ထဲက လုပ်ငန်းချင်းဆက်စပ်နေတဲ့ စင်္ကာပူက Company မှာပဲ အလုပ်လုပ်ဖြစ်ခဲ့တယ်။

ကိုငယ်ပြောခဲ့တာ
.. ကိုယ်ဆုံးဖြတ်ပြီး လျှောက်တဲ့လမ်းမှာ ဘာအခက်အခဲနဲ့ပဲ ကြုံကြုံ အောင်မြင်အောင်ရင်ဆိုင်ဖြေရှင်းရမယ်။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်လေးစားရမယ်။
.. နင် စင်္ကာပူမှာအလုပ်လုပ်လို့ကတော့ နင်ပြင်ရမှာက လူတွေရှေ့မှာ မျက်ရည်မကျဖို့ဘဲ။ အလုပ်ထဲမှာငိုတာကို ဘယ်သူကမှ နင့်ကို နားလည်ပေးမှာမဟုတ်ဘူး။ နင်မနေနိုင်လွန်းလို့ ငိုချင်ရင် အိမ်သာထဲသာသွားငို။ အခုချိန် အလုပ်ထဲမှာ တခုခု ခံစားရရင် အဲဒီ နှစ်ချက်ကိုပဲ ပြန်တွေးပြီး စိတ်တင်းရတယ်။

ရန်ကုန်ရုံးမှာဆို...ကျွန်မကကိုယ်မှန်တယ်ထင်ရင် စွတ်ငြင်းတတ်ပြီး စိတ်တိုဒေါသထွက်ရင် စကားပြောလို့မရတော့ဘဲ မျက်ရည်သာကျတတ်သူ။ အဲလိုအချိန်မှာ ဆရာသမား စားပွဲပေါ်က တစ်ရှုးဘူးကတော့ ပြောင်ပြီသာမှတ်။ ကိုယ်မှားနေလို့ကတော့ မျက်နှာငယ်လေးနဲ့ သူက သေဆိုသေ ရှင်ဆိုရှင်ဆိုတဲ့ ပုံစံနဲ့ အပိုးကျိုးတတ်သူ။ အလုပ်ထဲမှာ ကျွန်မနဲ့ တခြားသူငယ်ချင်း နှစ်ယောက်က ဂျူနီယာတွေရှေ့မှာအလွန်တရာမှ ဆရာလုပ်တတ်သော၊ သင်ပေးချင်စိတ်အလွန်ရှိသော မမများ၊ ကတ်စတမာရှေ့မှာတော့ အလွန်တရာ ယုံကြည်စိတ်ချဖွယ်ကောင်းသော ဆပ်ပလိုင်ယာ၊ ဆရာ့ရှေ့မှာတော့ ကိုယ့်ဟာကို ကျောင်းပြီး ခါစ အလုပ်စလုပ်ချိန်က အသက်ထက် ကြီးသေးသည်ဟု မထင်ပဲ ခလေးဆန်ချင်သေးသောသူများဖြစ်ကြသည်။

ကိုငယ်ရေ......ပြသနာတွေကြုံလာတိုင်း အတူဖြေရှင်းခဲ့ကြတယ်။ အောင်မြင်မှုတွေရရင် အတူပျော်ခဲ့ကြတယ်။ အရေးကြီးကိတ်စတွေကြုံလာတိုင်း အတူ စိတ်လှုပ်ရှားခဲ့ကြတယ်။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ နှုတ်ဆိတ်ပြီး အလုပ်တွေဖိလုပ်ကြတယ်။ မတူညီတဲ့ရှုထောင့်တွေကနေ ငြင်းခုံခဲ့ကြတယ်။ မနက် နှစ်နာရီ၊ သုံးနာရီထိ မညည်းမညူ အလုပ်လုပ်ခဲ့ကြတယ်။

ဟိုတယ်ကြီးတွေမှာ ညစာစားခဲ့တာတွေရှိသလို၊ မြို့တော်သစ်ကြီးရဲ့ ကောင်းမှုနဲ့လဲ ကားလမ်းကဆိုင်တွေမှာ ဆရာတပည့် ကြက်ကာလသားချက် လွေးခဲ့ကြတယ်။ စတပ်ပါတီမှာ ဖရုပန့်ခ်ျ သောက်ခဲ့သလို လမ်းဘေးခွေးချေလေးမှာထိုင်ပြီး ကြံရည်ချိုချိုအေးအေးလဲ သောက်ခဲ့ကြတယ်။ ဘိခ်ျကို ထရစ်ထွက်ဖူးသလို ကျိုက်ထီးရိုးဘုရားလဲ အတူတက်ခဲ့ကြတယ်။ ၀ါဝင်ဝါထွက်၊ နှစ်ဆန်းမှာ ဆွမ်းအတူကပ်သလို ကာရာအိုကေမှာလဲ အတူအော်ခဲ့ကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အတွဲညီကြသလို၊ ဂဏန်းပေါင်းမယ်ဆိုရင်လဲ ထိုင်ရာကမထ ဇွဲရှိကြတယ်။

အရမ်းလွမ်းတယ်။

Friday, August 7, 2009

အမြဲတမ်းအတွက်

ငါ့ကို...
လမ်းပျောက်နေတဲ့အချိန် ဦးဆောင်မှုပေးခဲ့တယ်..
ဝမ်းနည်းနေစဉ်မှာ နှစ်သိမ့်ခဲ့တယ်..
အထီးကျန်ဆန်နေစဉ် အဖော်ပြုပေးခဲ့တယ်..
ငိုနေချိန်မှာ မျက်ရည်သုတ်ပေးခဲ့တယ်..
အားငယ်ချိန်မှာ ဖေးမခဲ့တယ်..
ခံစားချက်တွေပွင့်ထွက်ချိန်မှာ နားထောင်ပေးခဲ့တယ်..
တိုက်ပွဲတွေမှာ ကျောချင်းကပ်ခဲ့ကြတယ်..
ရှုံးနိမ့်တဲ့အခိုက် အတူအားမွေးခဲ့ကြတယ်..
အောင်မြင်တဲ့အချိန် အတူဝင့်ကြွားခဲ့ကြတယ်..
ပျော်ရွှင်ချိန်မှာ အတူရယ်မောခဲ့ကြတယ်။
ဘယ်အချိန်ဘဲဖြစ်ဖြစ်..
ဘယ်နေရာဘဲရောက်ရောက်...
ဘာတွေပဲဖြစ်နေနေ...
မင်းဟာ ငါ့ရဲ့ မိတ်ဆွေစစ် ဆိုတာ..
ဖျောက်ဖျက်လို့မရမယ့် ... အမှန်တရားပါ။

Monday, August 3, 2009

လူမိုက်အစစ်

မသိလို့ မိုက်ခဲ့တယ်
သိသိကြီးနဲ့ ဆက်မိုက်နေတယ်
မမိုက်ချင်ဘဲနဲ့ မိုက်ရတယ်
မိုက်ချင်လို့ကို မိုက်နေတယ်
ဘယ်လိုရပ်ရမှန်းမသိလို့ ဆက်မိုက်နေရတယ်
အော်..........ငါဟာ လူမိုက်ကြီးပါလား။

ထွက်သွားပါတော့

ထွက်သွားပါတော့
အတူလိုက်ခွင့်မပေးနိုင်မယ့်တူတူ

ထွက်သွားပါတော့
နင်ရွေးချယ်ထားတဲ့အဖော်ကိုလက်တွဲပြီး

ထွက်သွားပါတော့
နှစ်သိမ့်စကားတွေမဆိုနဲ့တော့

ထွက်သွားပါတော့
နင်ဆုံးဖြတ်ထားပြီးသားပဲ

ထွက်သွားပါတော့
နောက်ကိုလှည့်ကြည့်မနေနဲ့တော့

ထွက်သွားပါတော့...
ကျေးဇူးပြုပြီး...

ငါ့နှလုံးသားထဲကပါ
ထွက်သွားပါတော့။

မုန်းတယ်

ခံစားချက်ကို ဦးစားပေးပြီး
တိုက်ပွဲမှာ ၀င်ပါခဲ့မိတဲ့
ငါ့ကိုငါ မုန်းတယ်။

တိုက်ပွဲရဲ့ အနိုင်အရှုံးကို
ရင်မဆိုင်ရဲတဲ့
ငါ့ကိုငါ မုန်းတယ်။

တိုက်ပွဲကိုလဲ အဆုံးမသတ်နိုင်ဘဲ
စစ်မြေပြင်နဲ့ ဝေးရာကိုဘဲထွက်ပြေးနေတဲ့
ငါ့ကိုငါ မုန်းတယ်။

ငါရဲ့ဒဏ်ရာတွေဟာ
ဘယ်သူ့ရဲ့ မျှားချက်ကြောင့်မှန်းနားမလည်နိုင်တဲ့
နင့်ကိုငါမုန်းတယ်။

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ငါ့ရဲ့ဒဏ်ရာတွေကို
ဆေးထည့်ပေးဖို့ ကြိုးစားနေတဲ့ နင့်ရဲ့ လက်ကိုဖယ်ပြီး
နင်ပစ်လိုက်တဲ့ မျှားတွေကို ကိုယ့်ဟာကိုပဲဆွဲနှုတ်ဖို့ကြိုးစားနေတဲ့
ငါ့ကိုငါလဲမုန်းတယ်။

Thursday, July 30, 2009

တိတ်တိတ်လေး....

ငါသွားရတော့မယ်တဲ့။ သူကပြောတယ်။ အော်........ဘယ်တော့လဲဆိုတော့ .. နောက်လကုန်မှာတဲ့။ သူ့ကိုကြည့်ရတာပျော်နေတဲ့ပုံပဲ။ အင်းလေ...လက်ရှိအခြေအနေကို သူ မလွဲသာလို့ လက်ခံထားရပေမယ့် တကယ်တန်းတော့ ပြောင်းလဲချင်တာ အစထဲကသိသားပဲလေ။ သူလုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်ရတော့မှာမို့ သူ့အတွက် ၀မ်းသာပေးမိသလို ကိုယ်ကျန်ခဲ့မှာကို တွေးပြီး ရင်ထဲမှာ ဆွေးမိတယ်။
ရင်ထဲမှာ ခံစားမိတဲ့အတိုင်း ဟန်မဆောင်တတ်သူမို့ မျက်ရည်က ချက်ချင်းဝိုင်းတတ်လာတော့ သူ့အမြင်မှာတော့ ပြသနာတွေ၊ ပြသနာ ရှာတတ်တဲ့လူတွေ ကြားထဲ တစ်ယောက်ထဲကျန်ခဲ့မှာကြောင့် ၀မ်းနည်းတယ်လို့ ထင်ပြီး ချော့မော့နေတယ်။ မင်းသူတို့နဲ့ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်နေပါပြီ ၊ တခုခု လိုအပ်ရင်လဲ ငါ့ကို ဖုန်းဆက်ပေါ့တဲ့။ တကယ်တော့ ငါဝမ်းနည်းတာ အဲဒါကြောင့်မှ မဟုတ်ပဲ။ သာမန်ထက်ပိုပြီး တွယ်တာမိတဲ့ သူနဲ့ ဝေးရမှာကြောင့်ဆိုတာ သူမသိတာပဲကောင်းပါတယ်။
တကယ်တမ်းတော့ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်၊ သင်ကြားခဲ့ရတဲ့ ဘ၀သင်ခန်းစား၊ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံ ၊ ယဉ်ကျေးမှု၊ှဓလေ့ထုံးစံ၊ လူမျိုး ဘာသာ မတူညီတဲ့လူနှစ်ယောက် ဟာ တနေရာထဲမှာ ဆုံဖြစ်ခဲ့ကြတာကိုက ကံကြမာ ရဲ့ မျက်နှာသာပေးမှုတခုထဲ ကြောင့်သာပါပဲ။ ဒီထက်ပိုပြီး ဘာမျှော်လင့်ချင်သေးလို့လဲ လို့ ကိုယ့်ဟာကို မေးမိတယ်။
သူ့ရဲ့ ဂရုစိုက်ကြင်နာမှု၊ အားပေးဖေးမမှု ၊ ပွင့်လင်းဖော်ရွေမှုဟာ လုပ်ဖော် ကိုင်ဖက်တယောက်အပေါ်မှာ ထားလေ့ရှိတဲ့ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်စရိုက်တစ်ခုပဲ။ အဲဒီထက် ဘာမှ မပိုဘူးဆိုတာ သဘောပေါက်နားလည်အောင် ကိုယ့်ဟာကို အချိန်အကြာကြီးယူပြီး လေ့ကျင့် ထားပြီးသားပါ။
ဟန်ဆောင်ထားစမ်းပါ။ ဟန်ဆောင်နေကျ လူ့လောကကြီးထဲမှာ ပိုနေမြဲကျားနေမြဲရှိစေဖို့ ထပ်ဟန်ဆောင်လိုက်စမ်းပါ လို့ ကိုယ့်ဟာကို အားပေးမိတယ်။
ဘာလို့ အဲလောက်တောင် တွယ်တာမိရတာလဲ။ ကိုယ့်ဟာကိုတောင် နားမလည်နိုင်တော့မှ တခြားဘယ်သူကမှလဲ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။ နီးစပ်မှုကြောင့်လား။ ဟင့်အင်း။ သူ့ထက် အနေနီးစပ်တဲ့ လူတွေအများကြီးရှိတာပဲ။ အရမ်းချောနေလို့လား။ သာမန်ပါပဲနော်။ အရမ်းတော်နေလို့လား။ ဒါပေမယ့် တော်တာတခုထဲကြောင့်လဲ မဟုတ်ပါဘူး။ တချို့ အရမ်းတော်တဲ့လူတွေကိုတောင်မှ ကိုယ်က မနာလိုဖြစ်တတ်သေးတာ။ အားပေးဖေးမတတ်လို့လား။ သူ့ထက် အားပေးဖေးမချင်တဲ့လူကိုတောင် စိတ်ပျက်ရှောင်လွှဲနေမိတာ။
နောက်ဆုံးတော့လဲ ကောက်ချက်ချမိတာက သူ့ကိုငါ တွယ်တာမိတာ ငါ့စိတ်ထဲကကိုက တွယ်တာချင်လို့ပါလို့။
တကယ်လို့သာ အသက်ရှင်သွားမယ့် ဘ၀တလျှောက်မှာ သူနဲ့ တနေ့မှာ 24နာရီ၊ တပတ်မှာ ခုနှစ်ရက်၊ တလမှာ ရက်သုံးဆယ်၊ တနှစ်မှာ ဆယ့် နှစ်လ လုံးအတူနေသွားရမယ်ဆိုရင်တောင်ဘ၀ရဲ့ နေ့ရက်တိုင်းဟာ ဘယ်တော့မှ ငြီးငွေ့စရာကောင်းမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
အဲဒီခံစားချက်ကဘာလဲ ... ကိုယ့်ဟာကိုလဲ မသိတော့ဘူး။

Friday, July 24, 2009

ဆောင်းခိုငှက် ဇင်ယော်


ကျွန်မတို့ အင်းလေးမှာ နှစ်စဉ် ဆောင်းတွင်းဆိုရင် ဇင်ယော်ငှက်များ ဆောင်းလာခိုကြပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီပတ်ဝန်းကျင်မှာ အင်းလေးကို အလည်ရောက်ဖူးတဲ့ သူများဆိုရင်တော့ မော်တော်ဆိပ်မှာ ဇင်ယော်အစာဝယ်ပြီး မော်တော်နောက် လိုက်ပျံလာတတ်တဲ့ ဇင်ယော်ငှက်ကလေးများကို အစာပစ်ကြွေးဖူးကြပါလိမ့်မယ်။
ဇင်ယော်ကို အင်းလေးမှာကတော့ နှင်းအေးလို့ခေါ်ကြတယ်။ ကြည့်ရတာ နှင်းနဲ့တူတဲ့ ဖြူဖွေးတဲ့သူ့ရဲ့ အမွှေးအရောင်ကို လိုက်ပြီး နာမည်တွင်ခဲ့တာနဲ့ တူပါတယ်။ ဒါပေမယ့် တောင်ပံလေးတွေကတော့ မီးခိုးရောင်လေးတွေပါ။
ကျွန်မတို့ငယ်ငယ်အင်းလေးမှာ နေတုံးကဆိုရင် ဆောင်းစ၀င်ပြီဆိုတာနဲ့ ညနေ နေ၀င်ရီသရောဆို အကောင်လေးငါးဆယ်ပါတဲ့ နှင်းအေးတွေ အုပ်လိုက် ရွာထဲကိုဝင်လာတတ်ပါတယ်။ ငါးနာရီ ငါးနာရီခွဲလောက်ပေါ့။ အဲဒီအချိန်ဆို အိမ်က ညစာစားပြီးကျန်တဲ့ ထမင်းကြမ်းလေးတွေကို လက်လေးနဲ့ သေးသေးလေးတွေဆုပ်ပြီး နှင်းအေးစာကြွေးကြတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ထမင်းဆုပ်ကို မပစ်ခင် လက်ကလေးကိမြှောက်မြှောက်ပြီး နှင်းအေးရေး.. ရော့ရော့ရော့ လို့အော်ပြီး နောက်ဆုံးမှ ရော့ ဆိုပြီးမြှောက် ပစ်ထည့်လိုက်ရင် စောင့်နေတဲ့ နှင်းအေးတကောင်ကောင်ကတော့ ရေထဲပြုတ်မကျခင် ရအောင်သုတ်လိုက်နိုင်တာပဲ။ သူလိုလိုငါလိုလိုနဲ့ ကြားထဲကလွတ်ပြီး ရေထဲကျသွားရင်လဲ တကောင်ကောင်က ရေထဲကနေရအောင် သုတ်စားလိုက်တာပဲ။ ဇင်ယော်ငှက်အကောင်လေးငါးဆယ်လောက် ကိုယ့်ခေါင်းပေါ်မှာတဂီးဂီး တဂစ်ဂစ်နဲ့ အော်သံတွေကြားမှာ အစာကြွေးရတာ ကလေးဘ၀ရဲ့ ပျော်စရာ အချိန်တွေထဲက တစ်ခု ပေါ့။ ပတ်ဝန်းကျင်အိမ်တွေကပါကျွေးကြရင်တော့ ကိုယ့်နားက အုပ်စုကလဲ နည်းသွားတာပေါ့။
ကျောင်းကပြန်လာပြီး၇င် ညစာ ထမင်းချက်ဖို့ ဆန်ဆေးပေးရလေ့ရှိတဲ့ကျွန်မကတော့ ဇင်ယော်တွေစ၀င်ပြီး နောက်ရက်တွေဆိုဆန်နို့ဆီဗူးဝက်လောက် ပိုဆေးပစ်လိုက်တာပဲ။
ဒါပေမယ့် ခုနောက်ပိုင်း ဆောင်းတွင်းမှာ အင်းလေးကို ပြန်ရောက်ရင်လဲ အရင်တုံးကလိုက နှင်းအေးတွေ ရွာထဲမှာ အစားလာတောင်းတာမျိုးမရှိတော့ဘူး။ ဖြစ်နိုင်တာက ဆောင်းလာခိုတဲ့ နှင်းအေးအရေအတွက် နည်းသွားလို့ဖြစ်ရမယ်။ အင်းလည်မှာတော့ လှိုင်းလေးစီးလိုက်၊ ရေထဲကငါးကို ထိုးသုတ်လိုက်၊ မော်တော်တွေနောက်ကို လိုက်ပျံပြီး ခရီးသည်တွေပစ်ကျွေးတဲ့ အစာတွေကို လိုက်သုတ်လိုက် လုပ်နေတဲ့ နှင်းအေးတွေတော့ တွေ့နေရတုံးပဲ။ ကျွန်မလဲ အင်းလေးပြန်ဖြစ်တဲ့အခါ အင်းလည်ရောက်လို့ နှင်းအေးတွေတွေ့ရင် ပါလာတဲ့ ပေါင်မုန့်လေးတွေကို ပစ်ကြွေးရင်း ငယ်ဘ၀ကပျော်ရွှင်မှုလေးတွေကို ပြန်ခံစားမိတုံးပါပဲ။
ခုတော့ ကျွန်မကိုယ်တိုင်လဲ ငှက်တကောင်လိုပဲ ဇာတိမြေရဲ့ အဝေးတနေရာမှာ ဆောင်းခိုနေရပါတယ်။
ပထမဆုံးကြိုးစားပြီး စတင်လိုက်တဲ့ ပိုစ့်က အလွမ်းပိုစ့်လေးဖြစ်သွားတော့ နောက်ပိုင်းလဲ တမ်းတမှုတွေနဲ့ ပြည့်နေတဲ့ ဘလောဂ့် တခုပဲဖြစ်သွားမလား မသိတော့ပါဘူး။