Sunday, August 16, 2009

တမ်းတနေဆဲ နေရာဟောင်း (၂)

ကိုယ့်ဆုံးဖြတ်ချက်နဲ့ စွန့်ခွါခဲ့တဲ့ နေရာဟောင်းကို ပြန်တမ်းတနေတယ်ဆိုတာ တွေဝေတတ်တဲ့ကျွန်မရဲ့ အကျင့်တွေထဲက တခုပါပဲ။

အဲဒီနေရာမှာတုံးက ကိုယ်ယုံကြည်မှုမရှိတဲ့ အဖွဲ့အစည်းတခုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ရတယ်။ မကြည်ညိုနိုင်တဲ့လူတွေ နဲ့ ပြောဆိုဆက်ဆံခဲ့ရတယ်။ ကိုယ်မုန်းတီးတဲ့ အခေါ်အဝေါ်တွေကို ကိုယ့်နှုတ်ကနေထွက်ခဲ့ရတယ်။

တခါတလေကျတော့လဲ လေးစားအားကျဖွယ်ကောင်းတဲ့ လူကြီးလူကောင်းများရဲ့ အိမ်တွေ၊ ပရောဂျက်တေ၊ွ အများနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေအတွက် လုပ်ပေးခဲ့ရတာကျတော့ လဲ ဂုဏ်ယူမိပြန်ရော။

အဲဒီနေရာမှာပဲ ကိုယ်ချစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်တက်ကြွစွာအလုပ်လုပ်ခဲ့တယ်။ လေးစားယုံကြည်ရတဲ့ ဆရာသမားရဲ့ သင်ကြားမှုအောက်မှာ အလုပ်လုပ်ရင်းအတွေ့အကြုံ၊ ဗဟုသုတများစွာ လေ့လာ ခွင့်ရခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်။

ဒါပေမယ့် အခုအချိန်မှာ ဘယ်လောက်ပဲပြန်တမ်းတမိတယ်ဆိုဆို ဒီလိုမျိုးမစွန့်ခွါခဲ့ပဲအခုအချိန် အဲဒီနေရာမှာ ရှိနေရင်ကော ပျော်ရွှင်ကျေနပ်နိုင်မှာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့လဲ ကိုယ်မပတ်သက်ချင်တဲ့ အဖွဲ့အစည်းနဲ့အလုပ်မလုပ်ဘူးလို့ ရှောင်လို့ရနိုင်မှာမဟုတ်တဲ့ အခြေအနေမျိုးနဲ့ကြုံလာတိုင်းမှာ စိတ်ညစ်ညူးဒေါသထွက်နေမှာ အသေအချာပါပဲ။

၂၀၀၇ ခုနှစ်ကတချို့ကာလတွေကလို စိတ်ရှိတိုင်းကိုယ်မပါနိုင်ခဲ့တဲ့အတွက် ကိုယ့်ဟာကို မကျေနပ်၊ မကြည်ညိုနိုင်တဲ့ အဖြစ်မျိုး နောင်တချိန်မှာ ထပ်မကြုံတွေ့ချင်တော့တဲ့အတွက် နေရာဟောင်းကို စွန့်ခွါဖို့ ဆုံးဖြတ်ချက်က ပိုခိုင်မာခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ဒီနေရာသစ်လေးမှာ တခါတလေ အထီးကျန်ဆန်ပေမယ့် ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေရှာဖို့အခွင့်အရေးရှိတယ်။ သိချင်တာတွေ လေ့လာဖို့ အရင်းအမြစ်ကောင်းကောင်းရှိတယ်။ ကိုယ့်ရဲ့ ချွေးနည်းစာနဲ့ ကျေးဇူးရှင်မွေးမိခင်ကို အသင့်အတင့် ပြည်စုံအောင်ထားနိုင်တယ်။ တော်ပြီပေါ့နော်။ ဘ၀မှာ ဒီလောက်အဆင်ပြေရင်ဘဲ ကျေနပ်သင့်ပါဘီ လို့ နောက်ဆုံးတော့ လဲ ကိုယ့်ဟာကို တရားချမိပါတယ်။

No comments:

Post a Comment