Friday, August 14, 2009

တမ်းတနေဆဲ နေရာဟောင်း (၁)

ဒီနေ့ ဂျီတော့ခ်မှာ ရန်ကုန်ရုံးက ညီမလေးက တယောက် ကျွန်မကိုင်ခဲ့ဖူးတဲ့ ပရောဂျက်တခုအကြောင်း လှမ်းမေးတာဖြေလိုက်ရသေးတယ်။ အလုပ်ကထွက်ခဲ့တာ တနှစ်ရှိပြီဆိုတော့ ကိုယ့်ဟာကို သိပ်မသေချာပေမယ့် ဖိုင်နာမည်ပြောလိုက်တာ ပြောတဲ့အတိုင်းသွားရှာ တော့ အဲဒီနေရာမှာပဲ တွေ့တယ်တဲ့။ အဲဒါကြောင့် အမကို ဆရာသမားက အခု အားကိုးတုံးပဲဆိုပြီး ကျေးဇူးရှင်လေးက နောက်လဲမေးလို့ကောင်းအောင် ပြောသွားသေးတယ်။

တကယ်တော့ ကျွန်မက မေ့ပစ်လိုက်ချင်ပါပြီ။ ဒါပေမယ့် ခြောက်နှစ်လုံးလုံး စိတ်ရော ကိုယ်ပါ နှစ်ပြီးလုပ်ခဲ့တဲ့အလုပ်မို့လို့လားတော့ မသိဘူး ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်နာမည်ပြောလိုက်တာနဲ့ သူနဲ့ ပတ်သက်သမျှ ခေါင်းထဲ တန်းစီပေါ်လာနေတုံး။ လွန်ခဲ့တဲ့ သုံးနှစ်လောက် က စင်္ကာပူ၊ စင်္ကာပူ နဲ့ သူငယ်ချင်းတွေ ထွက်လို့ကောင်းတုံး၊ ထွက်သွားတဲ့လူတိုင်းလဲ အနည်းဆုံး အက်စ်ပတ်နဲ့ အလုပ်ရဖို့အခုလောက်မခက်ခဲတဲ့ အခြေအနေမျိုးမှာ ကိုယ်က ဟိုက နေရာလေးမှာ ပျော်တုန်းပဲ။ ကိုယ့်ကို အတူထွက်ဖို့ ညှိကြတဲ့ သူငယ်ချင်းတွေ ဒီမှာ ပီအာရ်ကျတဲ့ အချိန်လောက်မှ ကိုယ်က ထွက်ချင်စိတ်အသည်းအသန်ပေါ်လာခဲ့တာ။

အလုပ်ထွက်ချင်တယ်လို့ ဆရာသမားကိုပြောတုန်းကတော့ စင်္ကာပူကို သွားမယ်လို့ အကြောင်းပြချက်မပေးပေမယ့် ကျွန်မဆရာသမားကလဲ ကျွန်မတို့ထက်တော်လို့ ဂျီအမ်တက်လုပ်နေတာဆိုတော့ စကား လေးငါးခြောက်ခွန်းပြောလိုက်တာနဲ့ စင်္ကာပူသွားပြီး အလုပ်ရှာချင်လို့ ဆိုတာပေါ်သွားပြီ။ သူကတော့ကောင်းကောင်းအားပေးပါတယ်။ နင်က အင်ဂျင်နီယာလဲမဟုတ်၊ အကောင့်တက်လဲ မဟုတ်နဲ့။ သူများတွေ အလုပ်ရှာလို့ရတယ်ဆိုတာ ပရော်ဖက်ရှင် တခုရှိလို့။ နင့်ကို အက်ဒမင်သမားအတွက် အလုပ် ရှာလို့လွယ်မယ်ထင်လို့လား။ ဒီမှာပဲ အေးအေးနေစမ်းပါတဲ့။

ဒီကလဲ ဘယ်ခံမလဲ။ ကတ်စတမာပေးတဲ့ ပုံတွေမှာ အစက်လေး တစက်ထည့်ရဖို့အရေးတောင် အော်တိုကက်ဆရာကြီး လိုက်လိုက်ရှာရတာ မောလွန်းလို့ ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးဆိုပြီး လက်ပူတိုက်တက်ထားတဲ့ အော်တိုကက်လေးအားကိုးပြီး ဘာအလုပ်မှ ရှာလို့မရရင်လဲ ဒရက်ဖ်မင်းဘဲ လုပ်မှာပေါ့ လို့ ခံတန်တန်ပြောခဲ့သေးတယ်။ တကယ့် အော်တိုကက်ဆရာကြီးတွေ ကြားရင်တော့ လက်သီးနဲ့ ထပဲထိုးချင်မလား၊ သနားစရာလေးပါလားလို့ပဲ စုတ်တသတ်သတ်ဖြစ်မလားပဲ။ ရထားတဲ့ဘွဲ့ကတော့ B.Sc (Physics) Hons. ကျောင်းမှာသင်ခဲ့ဖူးတဲ့ Electronic နဲ့ပတ်သက်ပြီး လာမမေးနဲ့။ ခေါင်းထဲမရှိတော့ဘူး။ Ciruit အကြောင်းလာမပြောနဲ့။ ၀ါးတားတား။ မိုက်ရူးရဲဆိုတာဒါမျိုးပဲနေမှာ။

ဆရာသမားလဲ ကျွန်မထွက်စာတင်ပြီး လေးလအတွင် တပတ်မှာ တရက်၊ တရက်မှာ နှစ်နာရီ သုံးနာရီလောက် ညနေပိုင်းရုံးဆင်းချိန်ဆို အချိန်ကုန်ခံပြီး မဲဆွယ်တရားဟောပါတယ်။ ကျွန်မကလဲ ဒီတခါတော့ ဘာနဲ့ပဲဆွယ်ဆွယ် ထွက်မယ်ဆိုထွက်မယ်ပဲ။ စကားသာ နှစ်နာရီသုံးနာရီပြောပြီးတယ်။ နားလည်မှုမရ။ သူကလဲ ကဲငါပြောချင်တာဒါပဲ သရဖီ။ သွားတော့။ နင်ဘာမှလျှောက်မစဉ်းစားပဲ အေးအေးဆေးဆေးအလုပ်ကိုသာလုပ်တော့ ဆိုပြီး အဆုံးသတ်တာ။ ကျွန်မကလဲဘာရမလဲ။ အဲဒါဆိုရင် သူပြောတဲ့အတိုင်းဆက်နေဖို့ လက်ခံလိုက်သလိုဖြစ်သွားမှာလေ။ အဲဒီတော့ သူဘယ်လိုနှင်နှင် သူ့ဆီကိုဧည့်သည်မလာ၊ အရေးကြီးဖုန်းမလာမချင်း ထိုင်ခုံကကိုမထတာ။ ရုံးကနေ အတူတူပြန်နေကျ အမကြီးကတော့ အပြင်ခန်းကနေ မျက်စောင်းတထိုးထိုးပေါ့။ ဖယ်ရီလိုက်ပို့ပေးမယ့် ဦးလေးကြီးကလဲ သူ့အနားမှာ ရစ်သီရစ်သီ။ အတင်းချကြတာ။ သူတို့ သားအဖနှစ်ယောက် အမျှင်မပြတ်တာနဲ့ ငါတို့ပါနောက်ကျရတယ်ပေါ့။

အလုပ်ထွက်မယ်လို့ ဆုံးဖြတ်ပြီး သုံးလေးလအတွင်း ကိုယ့်အလုပ်တွေဖြတ်ရ၊ ဖိုင်တွေရှင်းရ၊ လုပ်လက်စအလုပ်တွေကိုလဲ နောက်လွှဲမယ့်လူနဲ့ တွဲပြီးလုပ်ရနဲ့ လူက ခါတိုင်းပင်ပန်းပါတယ်ဆိုတာထက် နှစ်ဆပင်ပန်းရတယ်။ အဲဒီအချိန်မှာ ဆရာသမားကတော့ ကျွန်မ အလုပ်ထွက်မှာကို လက်မခံသေးပေမယ့် ကျွန်မ လုပ်လက်စအလုပ်တွေလွှဲပြီးလို့ ရှင်းသွားရင် သူက ထပ်ခိုင်းစရာ ပရောဂျက်အသစ်တွေရှိသေးတာဆိုတော့ အေးဆေးပဲ ထိုင်ကြည့်နေတာ။

အလုပ်ထွက်စာတင်တာ နို့တစ်က သုံးလကြိုတင်တာ။ သူများတွေကြားတော့ အံ့သြကြတယ်။ နင့်အလုပ်ကဘယ်လောက် ကြီးကျယ်လို့ သုံးလတောင် ကြိုတင်ရတာလဲတဲ့။ ကိုယ့်အလုပ်အကြောင်းကိုယ်ပဲသိတယ်လေ။ ဒါတောင် ပြောထားတာထက် တစ်လနောက်ကျပြီး မှ ထွက်ဖြစ်တယ်။ ထွက်မယ့်ရက်ကို သတ်မှတ်ပေးတာကလဲ ဒီက သူငယ်ချင်းတယောက်။ သူကလှမ်းပြီး ၀မ်နင်ပေးတယ်။ သူ့အခန်းထဲကယောက် ကဒီလကုန်ရင်ထွက်မယ်။ နင်ငါနဲ့ တခန်းထဲနေချင်ရင်တော့ ငါအိမ်ရှင်ကိုပြောထားမယ်။ နောက်လတော့ နင်လာခဲ့တော့တဲ့။ ရက်ကလဲ အင်္ဂါ ၊ သောကြာလာရင်ပဲ လာကြိုပေးနိုင်မယ်တဲ့။ အိုကေ..တခြား သူတွေကိုလဲ အပူမကပ်ချင်တာနဲ့ သူအဆင်ပြေတဲ့ အင်္ဂါနေ့ပဲ သွားမယ်ဆိုပြီး လေယာဉ်လက်မှတ်တင်။ ဆရာသမားကိုတော့ အိမ်လဲ ငှားပြီးပြီ၊ လေယာဉ်လက်မှတ်လဲ ၀ယ်ပြီးပြီဆိုပြီးပြလိုက်တော့တယ်။

နောက်ဆုံးသဘောတူသွားတာက ကျွန်မ စင်္ကာပူမှာစတေးရတဲ့ ၂လအတွင်းမှာ အလုပ်ရှာလို့ရရင်ရ၊ မရရင် ရန်ကုန်ပြန်လာပြီး ရုံးမှာပဲ ပြန်လုပ်မယ်။ လေယာဉ်လက်မှတ်ခတောင် ရုံးက ပြန်ပေးအုံးမယ်ဆိုတော့ ကျွန်မကတော့ ဘာကန့်ကွက်ဖို့ရှိမှာလဲ။ အဲဒီ့နှစ်လအတွင်းမှာသုံးလို့ကုန်မယ့် ပိုက်ဆံကလဲ မြန်မာပြည်မှာနေရင်လဲ ကုန်မှာပဲ။

မနှစ်တုံးကများ စင်္ကာပူထွက်တာ ဘယ်လောက်များလဲမများလဲ။ ကျွန်မနဲ့ အမြဲအဆက်အစပ်ရှိတဲ့ တခြားရုံးက လူတွေနဲ့ ကျွန်မဆီက အလုပ်လွှဲယူမယ့် လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ မိတ်ဆက်ပေးပြီဆိုရင် ကျွန်မအမေးခံရတာကတော့ မင်္ဂလာဆောင်မှာမို့လို့လား၊ စင်္ကာပူထွက်မှာ မို့လို့လားလို့ တန်းမေးတာ။ တချို့တအားရင်းနှီးတဲ့ လူတွေကဆို စိတ်တောင်ပူတယ်။ စင်္ကာပူမှာ အလုပ်ရှာရ နဲနဲ ခက်နေပြီဆိုပြီး လှမ်းတောင်သတိပေးကြသေးတယ်။ တခါတလေများ တအားရီရတယ်။ ကိုယ်က တခြားရုံးက တယောက်ကို ဖုန်းခေါ်၊ ကိုယ်ခေါ်တဲ့လူက နိုင်ငံခြားထွက်သွားပြီဆိုတာမျိုးလဲ ကြုံရသေးတယ်။

ရုံးမှာ နောက်ဆုံးအလုပ်လုပ်တဲ့ရက် ဆရာသမားကို ကျွန်မကိုင်ရတဲ့ သော့တွေ၊ ဟန်းဖုန်းတွေသွားအပ်တော့ စကားပြောရင်းနဲ့ မျက်ရည်တွေကျလာမိတယ်။ ခြောက်နှစ်တိုင်တိုင် ခိုင်မြဲခဲ့တဲ့ အလုပ်သံယောဇဉ်၊ ဆရာတပည့်သံယောဇဉ်တွေဟာ တကယ်တော့ မမြင်နိုင်တဲ့ အဖြူရောင်ကြိုးတွေပဲနော်။ အဲဒီကြိုးကို ကျွန်မကိုယ်တိုင်ဖြတ်ဖို့ ဆုံးဖြတ်ပြီးမှ အရမ်းဝမ်းနည်းမိတယ်။ ကွန်ပြူတာတလုံးကလွဲပြီး ဘာမှမရှိတော့ဘဲ ပြောင်ရှင်းနေတဲ့ ကျွန်မရဲ့ စားပွဲလေးမှာထိုင်၊ ကိုင်ခဲ့တဲ့ ဖိုင်တွေ၊ ကတ်တလောက်တွေငေးကြည့်။ မနက်ဖြန်ဆို ဒီနေရာနဲ့ ငါနဲ့ ဘာမှမဆိုင်တော့ဘူး၊ တဘက်ခါဆို ငါလဲ ဗမာပြည်မှာမဟုတ်တော့ဘူးလို့ တွေးမိပြီး ငိုင်နေမိတယ်။

သူတို့မိသားစုခေါ်သလို သူ့ရှေ့မှာတော့ ကိုငယ်လို့ ကျွန်မတို့ခေါ်တဲ့၊ နောက်ကွယ်မှာ အဖေလို့ကျွန်မတို့ ရည်ညွှန်းပြီး ပြောလေ့ရှိတဲ့ ဆရာသမား။ သူ့ရဲ့ ထိရောက်တဲ့ ထောက်ခံချက်နဲ့ပဲ အရင်ထဲက လုပ်ငန်းချင်းဆက်စပ်နေတဲ့ စင်္ကာပူက Company မှာပဲ အလုပ်လုပ်ဖြစ်ခဲ့တယ်။

ကိုငယ်ပြောခဲ့တာ
.. ကိုယ်ဆုံးဖြတ်ပြီး လျှောက်တဲ့လမ်းမှာ ဘာအခက်အခဲနဲ့ပဲ ကြုံကြုံ အောင်မြင်အောင်ရင်ဆိုင်ဖြေရှင်းရမယ်။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်လေးစားရမယ်။
.. နင် စင်္ကာပူမှာအလုပ်လုပ်လို့ကတော့ နင်ပြင်ရမှာက လူတွေရှေ့မှာ မျက်ရည်မကျဖို့ဘဲ။ အလုပ်ထဲမှာငိုတာကို ဘယ်သူကမှ နင့်ကို နားလည်ပေးမှာမဟုတ်ဘူး။ နင်မနေနိုင်လွန်းလို့ ငိုချင်ရင် အိမ်သာထဲသာသွားငို။ အခုချိန် အလုပ်ထဲမှာ တခုခု ခံစားရရင် အဲဒီ နှစ်ချက်ကိုပဲ ပြန်တွေးပြီး စိတ်တင်းရတယ်။

ရန်ကုန်ရုံးမှာဆို...ကျွန်မကကိုယ်မှန်တယ်ထင်ရင် စွတ်ငြင်းတတ်ပြီး စိတ်တိုဒေါသထွက်ရင် စကားပြောလို့မရတော့ဘဲ မျက်ရည်သာကျတတ်သူ။ အဲလိုအချိန်မှာ ဆရာသမား စားပွဲပေါ်က တစ်ရှုးဘူးကတော့ ပြောင်ပြီသာမှတ်။ ကိုယ်မှားနေလို့ကတော့ မျက်နှာငယ်လေးနဲ့ သူက သေဆိုသေ ရှင်ဆိုရှင်ဆိုတဲ့ ပုံစံနဲ့ အပိုးကျိုးတတ်သူ။ အလုပ်ထဲမှာ ကျွန်မနဲ့ တခြားသူငယ်ချင်း နှစ်ယောက်က ဂျူနီယာတွေရှေ့မှာအလွန်တရာမှ ဆရာလုပ်တတ်သော၊ သင်ပေးချင်စိတ်အလွန်ရှိသော မမများ၊ ကတ်စတမာရှေ့မှာတော့ အလွန်တရာ ယုံကြည်စိတ်ချဖွယ်ကောင်းသော ဆပ်ပလိုင်ယာ၊ ဆရာ့ရှေ့မှာတော့ ကိုယ့်ဟာကို ကျောင်းပြီး ခါစ အလုပ်စလုပ်ချိန်က အသက်ထက် ကြီးသေးသည်ဟု မထင်ပဲ ခလေးဆန်ချင်သေးသောသူများဖြစ်ကြသည်။

ကိုငယ်ရေ......ပြသနာတွေကြုံလာတိုင်း အတူဖြေရှင်းခဲ့ကြတယ်။ အောင်မြင်မှုတွေရရင် အတူပျော်ခဲ့ကြတယ်။ အရေးကြီးကိတ်စတွေကြုံလာတိုင်း အတူ စိတ်လှုပ်ရှားခဲ့ကြတယ်။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ နှုတ်ဆိတ်ပြီး အလုပ်တွေဖိလုပ်ကြတယ်။ မတူညီတဲ့ရှုထောင့်တွေကနေ ငြင်းခုံခဲ့ကြတယ်။ မနက် နှစ်နာရီ၊ သုံးနာရီထိ မညည်းမညူ အလုပ်လုပ်ခဲ့ကြတယ်။

ဟိုတယ်ကြီးတွေမှာ ညစာစားခဲ့တာတွေရှိသလို၊ မြို့တော်သစ်ကြီးရဲ့ ကောင်းမှုနဲ့လဲ ကားလမ်းကဆိုင်တွေမှာ ဆရာတပည့် ကြက်ကာလသားချက် လွေးခဲ့ကြတယ်။ စတပ်ပါတီမှာ ဖရုပန့်ခ်ျ သောက်ခဲ့သလို လမ်းဘေးခွေးချေလေးမှာထိုင်ပြီး ကြံရည်ချိုချိုအေးအေးလဲ သောက်ခဲ့ကြတယ်။ ဘိခ်ျကို ထရစ်ထွက်ဖူးသလို ကျိုက်ထီးရိုးဘုရားလဲ အတူတက်ခဲ့ကြတယ်။ ၀ါဝင်ဝါထွက်၊ နှစ်ဆန်းမှာ ဆွမ်းအတူကပ်သလို ကာရာအိုကေမှာလဲ အတူအော်ခဲ့ကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အတွဲညီကြသလို၊ ဂဏန်းပေါင်းမယ်ဆိုရင်လဲ ထိုင်ရာကမထ ဇွဲရှိကြတယ်။

အရမ်းလွမ်းတယ်။

No comments:

Post a Comment